လိင်ဆက်ဆံဖော်များလွန်းရင် ဘယ်လို နောက်ဆက်တွဲတွေ ကြုံရနိုင်သလဲ
ကျန်းမာပျော်ရွှင်တဲ့ လူသားတိုင်းရဲ့ နေ့စဉ်ဘဝမှာ “အိပ်၊ စား၊ ကာမ” အလုပ် ၃ ခုက မပါမဖြစ်လို့ ဆိုရလောက်အောင် အရေးကြီးပါတယ်။ လိင်စိတ်မရှိသူတွေ (Asexual) တွေကလွဲရင် ကျန်တဲ့သူတွေ (ကျား၊ မ မရွေး) လိင်မှုကိစ္စကို စိတ်ဝင်စားသလို၊ လိုက်စားလေ့လည်း ရှိပါတယ်။ ၂၁ ရာစုလို ခေတ်မီတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ယောက်ျားလေးတွေတင်မကဘဲ မိန်းကလေးတွေကိုယ်တိုင်လည်း လိင်မှုရေးရာနဲ့ပတ်သက်လာရင် ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် ကောင်းတယ်လို့လည်း ဆိုရမှာဖြစ်သလို၊ သူ့နောက်မှာ ကပ်ပါလာနိုင်တဲ့ ပြဿနာတွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။
ဘယ်လိုအခြေအနေကို လိင်ဆက်ဆံဖော်များတယ်လို့ သတ်မှတ်လို့ရသလဲ။
ကိုယ့်ရဲ့ချစ်ရသူ၊ အိမ်ထောင်ဖက်မဟုတ်တဲ့ တခြားသူစိမ်းတစ်ယောက်ထက်ပိုပြီး လိင်မှုကိစ္စကျူးလွန်တတ်တယ်ဆိုရင် လိင်ဆက်ဆံဖော်များတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်များလေ၊ ကိုယ့်အဖော်ကနေ ရောဂါပိုးတွေ ကူးနိုင်ခြေက ပိုများလေပါပဲ။
လိင်ဆက်ဆံဖော်များခြင်းကို လူမှုရေး၊ နိုင်ငံယဉ်ကျေးမှုအရ သုံးသပ်ထင်မြင်မှုအမျိုးမျိုး ရှိနိုင်ပေမယ့် ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်တော့ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတယ်လို့ သတ်မှတ်လို့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာတော့
၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရနိုင်ခြေများခြင်း
လိင်ဆက်ဆံဖော်များလာပြီဆိုရင် အကာအကွယ်မသုံးမိလိုက်တာ၊ မတော်တဆ ကွန်ဒုံးပေါက်ပြဲသွားတာ၊ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်းအပြုအမူတွေ ကျူးလွန်ဖို့ ကိုယ့်ဆက်ဆံဖော်က တောင်းဆိုလာတာ၊ အရေပြားပွန်းပဲ့ထိခိုက်မိတာကြောင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ အလွန်များပါတယ်။
၂။ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများခြင်း
လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ် (Human Papillomarvirus) အပြင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်ခံရတဲ့အခါ သားအိမ်ခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ ဆီးကျိတ်ကင်ဆာလိုမျိုး ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
၃။ အန္တရာယ်များတဲ့ အပြုအမူတွေကို ကျူးလွန်ချင်စိတ် ပိုများလာခြင်း
လူဆိုတာ အသစ်အဆန်းတွေကို အမြဲတမ်းလိုလားနေတဲ့ သတ္တဝါတွေဖြစ်ပြီး ကိုယ်က လိင်မှုကိစ္စကို နေ့စဉ်နဲ့အမျှ လူပေါင်းစုံနဲ့ လုပ်လာတဲ့အခါ စိတ်ထဲမှာ ပျင်းရိရိုးအီလာပြီး ဒါ့ထက်မက ဆန်းသစ်တဲ့အရာတွေကို ပိုပြီးလုပ်ချင်စိတ်၊ စူးစမ်းချင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့ဆက်ဆံတာ၊ အုပ်စုဖွဲ့လိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွစေတဲ့ဆေးတွေ အသုံးပြုပြီး ဆက်ဆံလာတာ စတဲ့ အပြုအမူတွေကို ကျူးလွန်မိနိုင်ပါတယ်။
၄။ တခြားလုပ်ငန်းဆောင်တာတွေကို စိတ်မပါတော့ခြင်း
“စားရတဲ့ကလေး ငတ်မပြေ” ဆိုတဲ့ စကားလိုပါပဲ၊ လိင်ကိစ္စရဲ့ အရသာကို အမြဲတမ်းမြည်းစမ်းနေတဲ့သူတစ်ယောက်က ဒီအရသာကို စိတ်ထဲအမြဲတောင့်တနေတတ်ပြီး တခြားကိုယ့်ရဲ့ နေ့တစ်ဒူဝလုပ်ငန်းဆောင်တာတွေမှာ လွတ်ဟာသွားနိုင်ပါတယ်။
ကောင်းကျိုးရော ရှိလား။
လိင်မှုဘဝဟာ ကျန်းမာတဲ့လူသားတိုင်းရဲ့ဘဝမှာ အရေးပါတဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရှိနေမှာဖြစ်လို့ ကောင်းကျိုးကတော့ လုံးဝမရှိဘူးလို့ ပြောလို့မရပါဘူး။ ဒီကောင်းကျိုးတွေထဲမှာ
· ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်ခြင်း
· ကြွက်သားတင်းမာမှုတွေ လျော့နည်းပြီး ပေါ့ပါးလန်းဆန်းနေခြင်း
· စိတ်ဖိစီးမှုနည်းပြီး စိတ်ပျော်ရွှင်ခြင်း၊ မကောင်းတဲ့ခံစားချက်များ နည်းခြင်း
· နှလုံးအားကောင်းပြီး အမောခံခြင်း၊ သက်လုံကောင်းခြင်း
· လိင်စိတ်ဆန္ဒထိန်းမရဖြစ်ပြီး တခြားသူတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ နည်းသွားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပေးပါ။ လူပျို၊ အပျိုဘဝမှာ မိမိလက်နဲ့ အာသာဖြေတာဖြစ်စေ၊ အကယ်လို့ ဆက်ဆံဖော်တွေ ထားမယ်ဆိုရင်လည်း သေချာလူရွေးဖို့၊ လိင်မဆက်ဆံခင်မှာ နှစ်ဦးသဘောတူ သွေးစစ်ထားဖို့၊ အကာအကွယ်တွေ အမြဲသုံးဖို့ သတိရပါ။ ၃ လပြည့်တိုင်း သွေးစစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရှိဖို့ ကြိုတင်စစ်ဆေးပြီး လိုအပ်လာရင် ကုသမှုကို စောစီးစွာ ခံယူပါ။
ရေးသားသူ - ရဲမျိုးမြတ်